မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
မြန်မာ့ရိုးရာဗေဒင် နှင့် နက္ခတ် ဆိုက်ဒ်မှ ဆောင်းပါးများအား အောက်ဖော်ပြပါ အကြောင်းအရာများမှ အပ မူရင်းရေးသားသူနှင့် ဆိုက်ဒ်အမည်အား ဖော်ပြပြီး လွတ်လပ်စွာ ကူးယူနိုင်သည်။

(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ

လက်ဆန်းအဌလဂ်ခွင်ထဲက လက်ရိုးဘာဝရှစ်ပါး

Wednesday, 18 November 2009
Comments

၁၀၈ နှစ် အဌလဂ်ခွင် တစ်ပတ်ပြည့်ဖို့ အတွက် တနုဆိုတဲ့ မွေးဖွားခြင်းက စတင်တဲ့ လူ့ ဘ၀ဟာ မရဏဆိုတဲ့ သေခြင်းတရားနဲ့ အဆုံးသတ်ထားတယ် ဆိုတော့



ကြာတော့ကြာခဲ့ပါပြီ၊ ဘယ်လောက်ကြာပြီလဲလို့ တော့ မရေးချင်တော့ပါဘူး၊ ဗေဒင်ပညာ ကကြီးခကွေး စရေးတဲ့အချိန်တုန်းကပဲ ဆိုကြပါစို့ ၊ ဗေဒင်ပညာကို လေ့လာချင်လွန်းလို့ ကျေးလက် ဆေးဆရာကြီးတစ်ယောက်ဆီက အတုလဆရာအောင်ရေးတဲ့ ပစ္စည်းပျောက်ရှာ ငါဆရာ ဆိုတဲ့ ဗေဒင်ကျမ်းစာအုပ်ကြီးကို ခဏဌားဖတ်ဖူးပါတယ်။

စာအုပ်ကြီးက အထူကြီးပဲ၊ စာမျက်နှာ ၄၀၀ ကျော်လောက်တော့ ရှိမယ်ထင်တာပဲ၊ အဲဒီတုန်းက စလေ့လာတဲ့အချိန်ဆိုတော့ ဖတ်ရမှတ်ရတာတွေက ဥာဏ်မမှီအောင် ရှုတ်ထွေးလွန်းတာရယ်၊ ဖတ်ပြီးရင်လည်း ပြန်ပေးရမှာဆိုတော့ သဘောပေါက်အောင် ဖတ်ဖို့ ထက် စာမျက်နှာကုန်အောင်ဦးစားပေးဖတ်ရတာကြောင့်ရယ် သိတ်သဘောပေါက်လှတယ် မရှိခဲ့ပါဘူး၊ အခုလို ဆယ်စုနှစ်ချီပြီး ကြာလာတဲ့အခါကြတော့ ဖတ်ခဲ့သမျှတွေက မေ့တေ့တေ့ မှုန်ဝါးဝါး ဖြစ်ကုန်ပါရော့လား။

အဲဒီထဲမှာ ပညာရစရာတွေရော၊ ဗဟုသုတဖြစ်စရာတွေရော တော်တော်တော့ပါသားဗျ၊ စာမျက်နှာကလည်း များလှတာကိုး။ မှတ်မိသလောက်ကတော့ စာအုပ်ခေါင်းစဉ်ကို ဦးစားပေးဖော်ပြထားတဲ့ ဗျဉ်းသရတွေကို အဆင့်ဆင့်ဖော်ပြီး သူခိုးနာမည်ဖော်နည်း အသေးစိတ်ပါတယ်ဗျာ၊ နောက်ပြီးတော့ လက်ဆန်းဗေဒင်နဲ့ ပတ်သက်တာတွေ တော်တော်များများ တွက်နည်းဟောနည်းတွေ ပါတယ်ဗျာ၊ ဥပမာ - မဟာဘုတ်နဲ့ ဂြိုလ်စားသက်ရောက်ကို လေးပိုင်းပိုင်းဟောတာတို့ ၊ ကာလပုရိသမဟာဘုတ်ခွင်ချတာတို့ စသဖြင့် စသဖြင့်ပေါ့ အများကြီးပဲ၊ ဗေဒင်ပညာလေ့လာသူတွေအတွက် ဖတ်သင့်တဲ့ ရှေးဟောင်းကျမ်းစာအုပ်တခုလို့ တော့ ညွှန်းချင်တယ်ဗျာ။

ထူးထူးခြားခြားလေး တခုတော့ အခုထိမှတ်မိသေးတယ်ဗျ၊ ဘာလို့ လဲဆိုတော့ ကျနော်က ကိန်းခန်းထူးထူးခြားခြားလေးတွေကို သဘောကျလွန်းလို့ ပါ၊ အဲဒီနည်းလေးက လက်ရိုးဗေဒင်အခြေခံ ၁၂ ရာသီခွင်ထဲမှာ မွေးချိန်ပေါ်မူတည် ချမှတ်ရတဲ့ ဘာဝ ၁၂ ပါးကို လက်ဆန်းဗေဒင်အခြေခံ အဌလဂ်ခွင်ထဲမှာ ထည့်သွင်းဟောပြောတဲ့နည်းလေးပါ။

တနင်္ဂနွေသားအတွက် အဌလဂ်ခွင်က ဒီလိုချတယ်ပေါ့ဗျာ၊ မွေးနံတည်ရာဌာနကနေ ပရိဝါရ၊ အာယုဆိုပြီး လက်ယာရစ်လှည့်ချရတယ်။



ပစ္စည်းပျောက်ရှာ ငါဆရာကျမ်းထဲမှာက အဲဒီအဌလှည့်ခွင်ထဲမှာ ဘာဝ ၁၂ ပါးကို ထည့်သွင်းဟောပြောတာဗျ၊
လက်ဆန်းနည်းအရ ယူဆတဲ့အခါကျတော့ မွေးချိန်အရ မယူတော့ပဲနဲ့ မွေးနံအရပဲ ယူပြီး မွေးနံတည်ရာဌာနကနေ လက်ယာရစ်လှည့်ချထားတာပေါ့။



ဒီတော့ လက်ရိုးဗေဒင် ၁၂ရာသီခွင်မှာ ဘာဝ ၁၂ပါးရှိပြီး တနုကစတယ် ဗျာယမှာဆုံးတယ် ၁၂ခွင်အတွက် ဘာဝ ၁၂ ပါးပေါ့။ အခု လက်ဆန်းဗေဒင် အဌလဂ်ခွင်မှာကျတော့ ၈ ဌာနပဲ ရှိလို့ တနုကစပြီး မရဏမှာဆုံးတယ်၊ ကျန်တဲ့ သုဘ၊ ကမ္မ၊ လာဘ၊ ဗျာယ ဆိုတဲ့ ဘာဝ ၄ ခု မပါတော့ဘူး။

ဒီနည်းလေးအပေါ်မှာ ဆင်ခြေတက်မယ်ဆိုရင်လည်း တက်လို့ တော့ ရတာပေါ့ဗျာ၊ တဖက်က လှည့်တွေးကြည့်ရင်တော့လဲ ၁၀၈ နှစ် အဌလဂ်ခွင် တစ်ပတ်ပြည့်ဖို့ အတွက် တနုဆိုတဲ့ မွေးဖွားခြင်းက စတင်တဲ့ လူ့ ဘ၀ဟာ မရဏဆိုတဲ့ သေခြင်းတရားနဲ့ အဆုံးသတ်ထားတယ် ဆိုတော့ သဘာဝကျတယ်လို့ လည်း ပြောလို့ ရပါတယ်။ ပရိဝါရအဌလဂ်ရှစ်ခွင်အယူအဆ၊ ကာရကရှစ်ပါးအယူအဆ၊ ဘာဝ ရှစ်ပါးအယူအဆတွေကို ပေါင်းစပ်ကြည့်မယ်၊ နှိုင်းယှဉ်ဝေဖန်ကြည့်တတ်မယ် ဆိုရင်တော့ သဘောကျလောက်တဲ့ အယူအဆသစ်တခုလည်း ရလာနိုင်ပါတယ်ဗျာ။

အဟောပိုင်းကလား၊ ဒါကတော့ ဥာဏ်ကွန့် ပြီး တွေးကြည်၊ ဟောကြည့်ပေါ့ဗျာ။ တကယ်ပါ၊ ဆရာစားချန်ထားတယ်တော့ မဟုတ်ပါဘူး၊ နှစ်တွေကြာလှပြီဆိုတော့ ဖတ်ခဲ့တုန်းက ဟောကွက်လေးတွေလည်း မေ့ကုန်ပါပြီ။ အတုလဆရာအောင် တင်ပြခဲ့တဲ့ အယူအဆပေါ်မှာ စိတ်တိုင်းမကျရင်လည်း လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဆိုသလို ကိုယ့်အယူအဆလေးတွေ ထည့်သွင်းအသုံးချကြည့်ပေါ့။ တွေးတတ်ရင် တွေးတတ်သလို အယူအဆသစ် နည်းလမ်းအသစ်လေးတွေ ပေါ်လာမှာပါ။

ဇေယျာမောင်